လူဆိုတာဟာ လူ့ဘဝမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို လုပ်နေရမှ သူဟာ အသက်ရှင်နေတယ်လို့ တကယ်ပြောလို့ရမယ်။ သူ့ဘဝ အသက်ဝင်နေတယ်လို့ ပြောလို့ရမယ်နော်။ ဘဝဆိုတာနဲ့ အလုပ်ဆိုတာ နဲ့လည်း တွဲနေတယ်။ အဓိပ္ပာယ်ရှိတာတခုခုကို မလုပ်ရတော့ဘူးဆိုရင် ဘဝသေသွားသလို ဖြစ်သွားပြီ။
I'm only really alive when I'm working. (Tennessee Williams)
အလုပ်လုပ်နေတဲ့ အချိန်မှာမှ ငါဟာ တကယ်အသက်ရှင်နေတယ်။
သတ္တဗေဒ Biology ရှုထောင့်ကနေ စဉ်းစားကြည့်တဲ့အခါမှာ သက်ရှိသတ္တဝါတွေဟာ တစ်ခုခုလုပ်ဖို့ အသက်ရှင်နေတာ။ သူ့မှာ လုပ်စရာအလုပ် မရှိတော့ဘူးဆိုရင် သူရှိဖို့ မလိုတော့ဘူး။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း ဒီလိုပဲ။ သူ့အလုပ်ကို သူမလုပ်ရတော့ဘူးဆိုရင် တဖြည်းဖြည်းရှုံ့သွားမယ်။ လက်ကို မသုံးဘဲထားရင် လက်ဟာ သိမ်သွားမယ်။ လမ်းမလျှောက်ဘဲနေရင် ခြေထောက်ကြွက်သား တွေ သိမ်သွားမယ်။
ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေအားလုံးဟာ သူ့မှာ အလုပ်ဆိုတာရှိတယ်။ သူ့အလုပ်ကို သူလုပ်နေလို့ရှိရင် သူကျန်းမာတယ်။ သန်စွမ်းတယ်။ သူ့အလုပ်ကို သူမလုပ်ရတော့ဘူးဆိုရင် သူ မကျန်းမာတော့ဘူး။ သူ မသန်စွမ်းတော့ဘူး။
ဒီတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစိတ်အပိုင်းတခုခုကို တစ်နည်းနည်းနဲ့ သူ့အလုပ်ကို သူ မလုပ်ရအောင် တားဆီးလိုက်မယ်ဆိုရင် အဲ့ဒီခန္ဓာကိုယ် အစိတ်အပိုင်းက ရောဂါဖြစ်လာနိုင်တယ်။ ဒုက္ခ ပေးနိုင်တယ်။
အဲ့ဒီလိုပဲ လူ့အသိုင်းအဝိုင်း ထဲမှာလည်းပဲ လူတွေဟာ ကိုယ့်အလုပ်ဆိုတာ ရှိရမယ်။ ရိုးရိုး နားလည်အောင် ပြောရမယ်ဆိုရင်တော့။ ဥပမာ - အဖေဆိုရင်လည်း အဖေအလုပ်ရှိရမယ် ဆိုပါတော့။ အမေဆိုရင်လည်း အမေအလုပ်ရှိရမယ်။ သားသမီး ဆိုရင်လည်း သားဆိုလည်း သားအလုပ်၊ သမီးကလည်း သမီးအလုပ် ရှိရမယ်။ သူ့အခန်းကဏ္ဌ ဆိုတာ ရှိရမယ်နော်။ သူ့ရဲ့ role သူ့ရဲ့ function ဆိုတာ ရှိရမယ်။
အဲ့ဒီလိုပဲ လူတိုင်းမှာ လူ့အသိုင်းအဝိုင်းအတွက် လုပ်ရမယ့်အလုပ်တွေ ရှိတယ်။ ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ်၊ အရောင်းအဝယ်အလုပ်။ ဘုန်းကြီးတွေမှာလည်း အလုပ်ရှိတယ်။ လူတွေ စိတ်ထားမြင့်မားအောင်၊ စိတ်ထားမြင့်မြတ်အောင်၊ စိတ်အေးချမ်းမှုရအောင် နည်းလမ်းပေးရမယ်၊ သင်ပေးရမယ်။
လူမှုရေးကိစ္စတွေလည်း ရှိတယ်နော်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုတဲ့အလုပ်တွေ လုပ်ရမယ်။ လူမှုရေးကို မလုပ်လို့ရှိရင် ဘာဖြစ်မလဲဆိုတော့။ ဘဝက ကျဉ်းသွားတယ်။ ရှုံ့သွားတယ်။ သူ့ဘဝ တကယ်မရှင်သန်တော့ဘူး။
ဒါကြောင့် အသက်ရှင်တယ်ဆိုတာနဲ့ သူ့ရဲ့လုပ်ငန်း သူ့ရဲ့တာဝန်ဆိုတာနဲ့ (သူ့ function ဆိုတာနဲ့) တွဲပြီးတော့ စဉ်းစားသင့်တယ်။
